Wisdom House စာအုပ်တိုက်ကို လွန်ခဲ့သည့် ၁၅ နှစ်၊ ၂ဝဝ၆ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ပါသည်။ ပထမဦးဆုံး ထုတ်ဝေသော စာအုပ်မှာ ဆရာကြည်ရွှန်း၏ ‘နိုင်ငံတကာစီးပွားစွမ်းဆောင်ရှင်များ’ စာအုပ် ဖြစ်ပါသည်။ ယနေ့အထိစာအုပ်အမှတ်စဥ် ၂၅၈ ဆရာ အေးကျော်မင်း၏ အရေးသုံးနှင့်အပြောသုံး ထုတ်ဝေခဲ့ပြီးဖြစ်ပါ၏။
Wisdom House စာအုပ်တိုက်ကို စတင် တည်ထောင်သူတို့အနေဖြင့် စာအုပ်စာပေလောကသို့ ဝင်လာစဥ်ကမူ စာအုပ်တိုက်သဘာဝကို ကောင်းစွာ နားလည်ထားခြင်း မရှိသေးပါ။ စာပေကို ချစ်မြတ်နိုးသောစိတ်အရင်းခံ နှင့် သမ္မာအာဇီဝကျသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုကိုလည်း တည်ထောင်နိုင်ရန် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ အဘက်ဘက်က ဝိုင်းဝန်းကူညီကြသူများ ရှိ၍သာလျှင် ပထမဦးဆုံးစာအုပ် ထွက်ပြီးကတည်းက အစစ အဆင်ချောမွေ့ကာ ဆက်လက် ရပ်တည်လာနိုင်ခြင်း ဖြစ်ပါသည်။
အမှန်စင်စစ် စတင်တည်ထာင်စဥ်ကာလတွင် စာအုပ်တစ်အုပ် ထုတ်ဝေနိုင်ရန် အတော် ကြိုးစား ပြင်ဆင်ရသည့်အတွက် စာအုပ် များများ မထုတ်ဝေနိုင်ခဲ့ပေ။ တစ်နှစ် တစ်နှစ်ကို အုပ်ရေအနည်းငယ်ခန့်သာ ထုတ်ဝေနိုင်ခဲ့ပါသည်။ စာအုပ် ထုတ်ဝေခြင်း ဟူသည် စာထဲတွင် ရေးထားသော အတွေ့အကြုံများ၊ ခံစားချက်များ၊ အတွေးအမြင်များ၊ အယူအဆများကို စာဖတ်ပရိသတ်ထံ ဖလှယ်ပို့ပေးခြင်းပင် ဖြစ်ပါသည်။
Wisdom House စာအုပ်တိုက်ကို စတင် တည်ထောင်ကတည်းက ရည်ရွယ်ထားသည်မှာ Wisdom ဆိုသည့် တွေးခေါ် ဆင်ခြင်ပြီး ရသည့်ပညာကို စာရေးသူများက မိမိတို့ သိစွမ်းသမျှ ဖော်ထုတ်တင်ပြကာ စာဖတ်သူများထံ ဖလှယ်ပို့ခြင်းဖြင့် လောကဝန်းကျင်ကို ပညာပန်းများဖြင့် လွှမ်းခြုံစေရန် ဖြစ်ပါသည်။
ယခုကဲ့သို့ မိမိတို့ စာအုပ်တိုက် ရပ်တည်နိုင်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ စာအုပ် ထုတ်ဝေခွင့် ပြုကြသော စာရေးဆရာ၊ စာရေးဆရာမတို့ကြောင့် ဖြစ်ပါသည်။ တစ်ဦးချင်းအမည် မဖော်ပြသာသော်လည်း ဤ ဆရာ၊ ဆရာမများ၏ စာမူများ ရှိ၍သာလျှင် ထုတ်ဝေသူ၊ စာစီသူ၊ ဒီဇိုင်းသရုပ်ဖော်၊ ပုံနှိပ်သူ၊ ဖြန့်ချိသူ စသဖြင့် အတော်များများ အလုပ်အကိုင် ကိုယ်စီ ရကာ ရပ်တည်နိုင်ခြင်း ဖြစ်ပါသည်။
အရေးအကြီးဆုံးအချက်မှာမူ ထွက်သမျှ စာအုပ်တို့ကို ဝယ်ယူအားပေး ဖတ်ရှုပေးကြသော စာဖတ်ပရိသတ်များသာ မရှိလျှင် မိမိတို့ စာအုပ်တိုက် ရပ်တည်နိုင်မည် မဟုတ်ပေ။ နည်းလမ်းအသွယ်သွယ်သွယ်ဖြင့် မိမိတို့စာအုပ်တိုက်က စာအုပ် ဖြန့်ချိသည့်အခါတိုင်း စာဖတ်ပရိသတ်များက အမြဲ အားပေးခဲ့ကြပါသည်။ ၂ဝ၂ဝ အတွင်းတွင် အွန်လိုင်းစနစ်ဖြင့် စာတိုက်မှတစ်ဆင့် ဖြန့်ချိ ပေးပို့သည့်အခါတွင်လည်း စာဖတ်ပရိသတ်များ၏ အားပေးမှုကြောင့် လုပ်ငန်း အတော် တွင်ကျယ်ခဲ့ပါသည်။ ယခုနှစ်ပိုင်းတွင်မူ ဆက်သွယ်ရေးလုပ်ငန်း အတော်အတန် နှောင့်နှေးသွားခြင်းကြောင့် စာအုပ် ပို့ဆောင်ဖြန့်ချိရေးလုပ်ငန်းများလည်း တုံ့နှေးသကဲ့သို့ ဖြစ်ရပါသည်။ သို့ရာတွင် delivery အပါအဝင် အဆင်ပြေရာ နည်းလမ်းများဖြင့် ဖြန့်ချိသွားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည် ဖြစ်ပါသည်။ Wisdom House စာအုပ်တိုက်သည် ဦးဆောင် တည်ထောင်သူတို့၏ ကျွမ်းကျင်ရာ ဘာသာရပ်ကို အဓိက ဦးစားပေး ထုတ်ဝေပါသည်။ စာအုပ်တစ်အုပ်သည် စာဖတ်သူလက်ထဲသို့ ရောက်သည့်အခါ စာအုပ်ပါ အချက်အလက် အကြောင်းအရာများသည် ယုံကြည်ကိုးစား၍ ရရန်၊ ဝိဝါဒ ကွဲပြားစရာ မဖြစ်ရန်တို့အတွက် စာသားအချက်အလက် မှန်ကန်မှုအပိုင်းကိုရော စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုအပိုင်းကိုပါ စွမ်းနိုင်သမျှ အတတ်နိုင်ဆုံး စိစစ်တည်းဖြတ်ပါသည်။ ရာနှုန်းပြည့် ပြီးပြည့်စုံသည်ဟု မပြောသာသော်လည်း မိမိတို့ စွမ်းအားရှိသရွေ့ ကြိုးစားအားထုတ်လျက် ရှိပါသည်။ သည့်အတွက် စာဖတ်ပရိသတ်များ၏ အသိအမှတ်ပြု အားပေးမှုကို ရရှိသောကြောင့် အင်မတန် ဝမ်းမြောက်ပီတိဖြစ်ရပါသည်။ ပြီးပြည့်စုံသည် ဟူ၍ မဟုတ်သေးသော်လည်း မိမိတို့ ဆက်လက် ကြိုးစား အားထုတ်နေပါမည်။ စာဖတ်ပရိသတ်များကလည်း ဆက်လက် အားပေးမည်ဟု ယုံကြည်မျှော်လင့်ပါသည်။
ယခု ၁၅ နှစ် ပြည့်လာစဥ်အတွင်း Wisdom House စာအုပ်တိုက်က စာအုပ် ၂၅၀ ကျော် ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။ အမှန်မူ သည့်ထက်မက ထုတ်ဝေနိုင်ရန် မျှော်လင့်ခဲ့ပါသည်။ ပြီးခဲ့သည့် နှစ်ပိုင်းအတွင်း ကြုံခဲ့ရသည့် အခြေအနေများကြောင့် မိမိတို့ စာအုပ်တိုက်၏ စာအုပ် ထုတ်ဝေနိုင်မှုလည်း အတော် တုံ့ဆိုင်းသွားခဲ့ရပါသေးသည်။ ထိုအခြေအနေကြားကပင် စာဖတ်ပရိသတ်များ၏ အားပေးမှုကြောင့် ယခုအချိန်အထိ Wisdom House စာအုပ်တိုက် ဆက်လက် ရပ်တည်နေနိုင်ခြင်း ဖြစ်သည်။
သည်နေ့ ဆိုလျှင် စာအုပ်တိုက်သက်တမ်း ၁၅ နှစ် ရှိပြီ ဖြစ်သည်မှာ စာဖတ်ပရိသတ်များ၏ အားပေးမှုကြောင့်ပင် ဖြစ်ပါသည်။ အခြေအနေ အချိန်အခါအပေါ် မူတည်ပြီး Wisdom House စာအုပ်တိုက်မိသားစုက ဆက်လက်ကြိုးစား အားထုတ်နေပါမည်။ စာဖတ်ပရိသတ်များကလည်း ဆက်လက် အားပေးကြပါဟု လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ရင်း Wisdom House စာအုပ်တိုက်၏ ၁၅ နှစ်ပြည့် မေတ္တာ သဝဏ်လွှာ ပါးလိုက်ရပါသည်။ အားလုံးကို အလွန် ကျေးဇူးတင်ပါသည်။
Wisdom House မိသားစု