အဖေကို သားကသတ်၍၊ အစ်ကိုကို ညီကသတ်၊၊ ဦးရီးကို တူကသတ်၍ ထီးနန်းကို ယူနိုင်လျှင် ရခွင့်ရှိသည် ဟူသော ထီးမွေနန်းမွေ ဆက်ခံရေး သဘောတရားကို ကမ္ဘာပေါ်တွင် မည်သူက စတင်ဖန်တီးခဲ့သည်ဟု ကျွန်တော် မသိပါ။ သို့ရာတွင် ထိုသဘောတရားကို နှစ်သက်လက်ခံခြင်းသည် ခေတ်ဆန်သည်၊ တိုးတက်သည်ဟု ယူဆထားကြလေသလား မသိ။ တကောင်းပြည်တွင် ထိုသဘောတရား ရှိနေနှင့်လေသည်။ (သူတို့ညီနောင်နှင့် ကျွန်တော် … မှ)
ဆရာဇော်ဂျီသည် ကဗျာ၊ ၀တ္ထုတို၊ ပုံပြင်၊ ပြဇာတ်၊ စာတမ်း၊ စာတမ်းငယ် (အက်ဆေး)၊ ဘာသာပြန်များသာမက မြန်မာ့သမိုင်း စာအုပ်များပါ ရေးသားပြုစုခဲ့သည်။ ယင်းတို့ကို ဆရာဇော်ဂျီသည် အသက် ၁၆ နှစ်သား အရွယ်ခန့်မှစ၍ကွယ်လွန်ခါနီး အသက်၈၀ ကျော် အရွယ်အထိ စဉ်ဆက်မပြတ် ရေးသားခဲ့သည်။ ရေးသားရာ၌ နိုင်ငံကို ချစ်မြတ်နိုးသော စိတ်စေတနာ၊ ပြည်သူကို ချစ်မြတ်နိုးသော စိတ်စေတနာ၊ လူသားတို့ကို ချစ်မြတ်နိုးသော စိတ်စေတနာတို့ကို အရင်းခံထားလျက် ရေးသားခဲ့သည်။ ထို့ကြောင့် ဆရာဇော်ဂျီ၏ စာတို့သည် နိုင်ငံ့အကျိုးပြု၊ ပြည်သူ့အကျိုးပြု၊ လူသားအကျိုးပြု စာများ ဖြစ်ခဲ့သည်။
ယခုထုတ်ဝေသော ဆရာဇော်ဂျီ စာပေါင်းချုပ်မှာ စာတမ်းငယ်(အက်ဆေး) များကို စုပေါင်းထုတ်ဝေသော စာအုပ်ဖြစ်သည်။ စာတမ်းငယ်နှင့်ပတ်သက်၍ ဆရာဇော်ဂျီက “စာရေးဆရာသည် သူ သိသော အကြောင်းအရာတို့ကို စာဖတ်သူ လက်ခံချင်လာအောင် သူ့စေတနာနှောလျက် ဖျောင်းဖျသွေးဆောင်၍ရေးသည်။ ထိုအခါ စာဖတ်သူသည် ဗဟုသုတ ရသည့်အပြင် နှစ်သက်ခြင်းလည်း ဖြစ်သည်။ ထိုစာမျိုးကို အသိပညာပေးစာမျိုး၌ ထည့်နိုင်သည်ဟု ဆိုရသော်လည်း ရသသဘော နှောနေသဖြင့် သုတ၊ ရသစာဟု သော်လည်းကောင်း၊ ဆွဲဆောင်မှုစာ ဟုသော်လည်းကောင်း ဆိုနိုင်သည်” ဟူ၍ဖွင့်ဆိုထားပါ သည်။
ဆရာဇော်ဂျီ၏ စာတမ်းငယ် (အက်ဆေး)များကို ဖတ်ရှုသူတို့အဖို့ ဆရာဇော်ဂျီ၏ နိုင်ငံ့အကျိုးပြု အတွေးအမြင်၊ ခံယူချက်များကို ခံစားသိရှိနိုင်သည်။ ယင်းတို့ကို ဖတ်သဖြင့်လည်း နိုင်ငံချစ်စိတ်ဓာတ်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတတ်သော စိတ်ဓာတ်တို့ တိုးပွားလာနိုင်ပါသည်။ အတွေးအခေါ်များ ရင့်ကျက်í ဘ၀တိုးတက်လမ်းကို တက်လှမ်းနိုင်သော စိတ်ဓာတ်များ တိုးတက်လာစေနိုင်ပါသည်။ ဤသို့လျှင် ကျွန်တော် ခံယူမိပါသည်။ ထို့ပြင် ဆရာဇော်ဂျီ၏ မြန်မာစကားပြေအရေးအသားသည် စံပြဖြစ်ရာ ဖတ်ရှုသူတို့အဖို့ စကားပြေ အရေးအသားကောင်းကို နည်းယူခွင့် ရရှိနိုင်ပါသည်။
ထို့ကြောင့် ဤစာအုပ်ပါ စာတမ်းငယ်(အက်ဆေး) များကို ရှာဖွေစုဆောင်း တင်ဆက်သူ ဆရာကြည်ရွှန်း၏ စေတနာကို လေးစားမိပါသည်။ သူ၏ ကြိုးပမ်းမှုကို ၀မ်းမြောက်မိပါသည်။ မြန်မာစာပေအတွက် တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်သဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုမိပါသည်။
မင်းယုဝေ