အမျိုးသားစာဆိုဆရာဇော်ဂျီ၏ ဘဝနှင့်စာပေကို ဆရာ့သမီးကြီး ဒေါက်တာခင်မျိုးဟန် ပြုစုရေးသားမှတ်တမ်းတင်လိုက်သောစာအုပ်။

ဤစာအုပ်ကို ကျွန်တော် ထပ်၍ ပြန်ဖတ်ဖြစ်သောအခါ တစိမ့်စိမ့်စဉ်းစားရင်းမှ ဆရာနှင့် လူချင်းကိုယ်တိုင် တွေ့ဆုံပြီး ဆရာ့နှုတ်ထွက်စကားများ ကြားနာခွင့်နှင့် ဆရာ့ထံမှ ဆည်းကပ်ခွင့်ကိုပင် ရလာသယောင်ယောင် စိတ်အာရုံတွင် ခံစားလာမိပါ၏။ ဆရာဇော်ဂျီ၏ လောကအမြင်ကို ဆရာ့စာများမှ အကဲခတ်ခွင့်၊ လေ့လာခွင့် ရခဲ့သူများအနေဖြင့်လည်း ဤစာအုပ်ကို ဖတ်ရှုပြီး သည့်အခါ ဆရာသည် သူ့ဘ၀ကို သူ့စာများနှင့် တစ်ထပ်တည်းကျအောင် မည်ကဲ့သို့ ကျင့်သုံးနေထိုင်သွားကြောင်း လေ့လာ ရှုမြင်ခွင့် ရနိုင်ပါလိမ့်မည် ဟု ဆိုချင်ပါသည်။ (ကြည်ရွှန်း၏ ဆရာဇော်ဂျီသို့ ဦးခိုက်ပူဇော်ခြင်း မှ)

ဤကဲ့သို့ အကဲစမ်းခံနေရသည့်ကာလက ဖေဖေ၏ ခံစားချက်များကို ဖေဖေသည် ၁၉၃၃ ခုနှစ်က ရေးသားခဲ့သော ပင်ကိုရေး ၀တ္ထုတို“ကြင်မည့်သူ”မှ ဇာတ်လိုက် မောင်ဘမြိုင်၏ တစ်ကိုယ်တည်း ခံစားချက်အသွင် သရုပ်ဖော် ရေးသားခဲ့ခြင်းများ ဖြစ်လေမလားဟု ကျွန်မ ထိုဝတ္ထုတိုကို ဖတ်မိစဉ်က စဉ်းစား ထင်မြင်မိသည်။ ဖွင့်ဟ မမေးရဲ၍သာ မမေးခဲ့မိပါ။ (ဘွဲ့ရပြီး လူရွယ်ဘ၀ မှ)

ကျွန်မတို့ဖေဖေသည် ငါစွဲ မရှိသည့်အပြင် သူတစ်ပါးအပေါ် “အကောင်းမြင် ဝါဒ”ကိုလည်း လက်ကိုင်ထားသည့်သူ ဖြစ်သေးသည်။ ရှေ့က ဆိုခဲ့သည့်အတိုင်း ဖေဖေ့ရှေ့တွင် တစ်ဦးတစ်ယောက်၏ မကောင်းကြောင်းကို ပြောမိလျှင် ဖေဖေ သဘောမကျ။ ““တစ်ဖက်လူဘက်က စဉ်းစားရင် ဒီလိုသဘော ဟုတ်ချင်မှ ဟုတ်မှာပေါ့”” ဟု အမြဲ ဆိုတတ်ပါသည်။ (ဖေဖေ၏ လုပ်ဆောင်ချက်များနှင့် စာပေခရီး မှ)

ထိုစာတမ်းဖတ်ပွဲနှင့် နှစ်ပတ်လည် အစည်းအဝေးကို တက္ကသိုလ်မှ ပညာရှင်များနှင့် ပြင်ပမှ အခြား ပညာတတ် အများအပြား တက်ရောက်ကြသည်။ စာတမ်းဖတ်အပြီးတွင် တက်ရောက်လာသူများအထဲက သမိုင်းပညာရှင် ကထိက ဒေါက်တာသန်းထွန်း (ထိုစဉ်က ပါမောက္ခ မဖြစ်သေး) က ထ၍ ဖေဖေ၏စာတမ်း သည် စာတမ်းအင်္ဂါနှင့် မညီ၊ တိုလွန်းလှသည်၊ အကြောင်းအရာတို့သည်လည်း မဆီလျော် စသည်ဖြင့် အဖျက်သဘော ဝေဖန်နှိမ့်ချ၍ ပြောဆိုခဲ့သည်ဟု သိရပေသည်။ နားထောင်သူ ပရိသတ်အားလုံး အံ့သြမဆုံး ဖြစ်သွားကြရပါသည်။ ထူးခြားသည်မှာ ဖေဖေက အံ့သြဟန်လည်း မပြသကဲ့သို့ ဒေါသဖြစ်ဟန်လည်း မပြခဲ့ဟုသာ သိရသည်။ (ကမ္ဘောဇလမ်းအိမ်သို့ ရောက်ရှိပြီးကာလ မှ)

By admin