WINNING Jack Welch with Suzy Welch တတိယအကြိမ်

ကမ္ဘာ့ထိပ်တန်း GE ကုမ္ပဏီကြီးအား စီအီးအိုအဖြစ် နှစ်ပေါင်းနှစ်ဆယ်ကျော် ထူးခြားအောင်မြင်စွာ ဦးဆောင်နိုင်ခဲ့သူ ဂျက်ဝဲလ်ချ် ကိုယ်တိုင်ရေးသားထားသော စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုလမ်းညွှန်

ဒီစာအုပ်ဟာ ထိပ်ဆုံးက တာဝန်ယူနေကြရတဲ့ မန်နေဂျာကြီးတွေ ၊ စီအီးအိုကြီးတွေ အတွက်ပဲ ရည်ရွယ်ထားတဲ့ လမ်းညွှန်မြေပုံ မဟုတ်ပါဘူး။ သူတို့်တွေအတွက် လမ်းညွှန်မြေပုံ ဖြစ်သွားမယ် ဆိုရင်လည်း သိပ်ကောင်းပါတယ်။ ကျွန်တော်လည်း မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီစာအုပ်မှာ ကျွန်တော် ရည်ရွယ်တာကတော့ စီးပွားရေးမှာ ရှေ့တန်းက လုပ်နေရတဲ့သူတွေပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ အလယ်အလတ် အဆင့် မန်နေဂျာတွေ ၊ စက်ရုံအုပ်ချုပ်နေရသူတွေ ၊ လုပ်ငန်းခွင်က အလုပ်သမားတွေ ၊ အလုပ်ရှာနေကြတဲ့ ဘွဲ့ရကျောင်းသားတွေ ၊ အမ်ဘီအေ ဘွဲ့ရတွေနဲ့ စွန့်ဦးတီထွင်စီးပွားရေးသမားတွေ အစုံပါဝင်ပါတယ်။ ဒီစာအုပ်နဲ့ ကျွန်တော် ရည်ရွယ်တာကတော့ ဘယ်အဖွဲ့အစည်းထဲမှာပဲ ရောက်နေနေ ကိုယ့်ရည်မှန်းချက် ကိုယ်မြင်ပြီး အသွေးထဲအသားထဲကနေ လုပ်ချင်ကိုင်ချင်စိတ် ပြင်းပြနေတဲ့သူတွေကို အထောက်အကူ ဖြစ်စေဖို့ပါပဲ။ ( နိဒါန်း မှ )

ကိုယ်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီ ဆိုကတည်းက ဒါဟာ ငါ့ကို သရဖူ ဆောင်းပေးနေတာ မဟုတ်ဘူး။ ဒီပြင်လူတွေမှာ ရှိတဲ့ အရည်အချင်းတွေကို ကောင်းအောင် လုပ်ပေးဖို့် တာဝန်ပေးလိုက်တယ်လို့ မှတ်ပါ။ အဲဒီအတွက် မိတ်ဆွေရဲ့ လူတွေက မိတ်ဆွေအပေါ် ယုံကြည်မှုရှိဖို့ လိုပါတယ်။ မိတ်ဆွေကနေပြီး ပွင့်လင်းမှုရှိရှိ ကျင့်သုံးမယ် ၊ အသိအမှတ်ပြုသင့်တဲ့သူကို အသိအမှတ်ပြုမယ် ၊ စစ်စစ်မှန်မှန် ဖြစ်အောင် ကျင့်ကြံနေထိုင်မယ်ဆိုရင် သူတို့တွေကလည်း ယုံကြည်လာကြပါလိမ့်မယ်။ ( ခေါင်းဆောင်မှု မှ)

စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ငါ ခံလိုက်ရတာလို့ မြင်တာနဲ့ အဲဒါ ကို်ယ်က လက်မြှောက် အရှုံးပေးလိုက်တာပါပဲ။ ကိုယ့်အလုပ်နဲ့ ပတ်သက်လို့် အဲသလိုသာ မြင်ပြီ ဆိုရင်တော့ ကိုယ့်မှာ ရှိနေတဲ့ ရွေးချယ်စရာ အခွင့်အလမ်းတွေကို ပိတ်ပစ်လိုက်တာပါပဲ။ ဒါဟာ ကိုယ့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ဦးစိုက်ဇောက်ထိုး ဆင်းချလိုက်တာပါ။ ( ကြုံနိုင်တဲ့ အခက်အခဲတွေ မှ )