ဇော်ဂျီသည် မြန်မာ့ရိုးရာဓလေ့၊ မြန်မာမှုနှင့် အကျွမ်းတ၀င် ရှိခဲ့သည့်အလျောက် သူ့ဝထ္ထုတိုများတွင် တောအရိပ် လွှမ်းနေသည့်အပြင် ဇာတ်စကား၊ ပါဠိကျမ်းဂန်စကား၊ ထီးသုံး နန်းသုံးစကား၊ ကျေးလက်စကားတို့ကို သူ့နေရာနှင့်သူ ပီပီသသ သုံးစွဲထားသည်ကို ထင်ထင်ရှားရှား မြင်နိုင်လေသည်။ (တိုက်စိုး၏ အမှာစာ မှ)
ရယ်တော့ ရယ်ကြတာပဲ၊ အဖြေကို သိလို့လားတော့ မသိ၊ ငါတို့၏ ဘုရင့် စာမေးပွဲမှာ မေးစဉ်က ဘယ်သူမှ မှန်အောင် မဖြေနိုင်ကြဘူး၊ သင်းတို့ ဖြေနိုင်ရင် လူတော်တွေပဲ ဟု တရုတ်သံအမတ်သည် တွေး၍ လမ်း၌ သွားလာနေကြသော ပုဂံပြည်သူပြည်သားတို့ကို စိန်းစိန်းကြည့်ကာ သံတဲသို့ ပြန်လေ၏။ (ပုဂံဈေး မှ)
ဤနေရာများ၌ လူ လေး၊ ငါး၊ ဆယ်ယောက် စုပြီး စီမံကြသောလုပ်ငန်းသည် ဘာယာတစ်ပြည်လုံးအတွက် စီမံသောလုပ်ငန်းပင် ဖြစ်စွတကား။ ဤ လူ လေး၊ ငါး၊ ဆယ်ယောက်တို့မှာသာ ကျယ်ဝန်းသော အမြင်ဉာဏ်နှင့် ကရုဏာတရား ရှိကြပါမူ ဘာယာတစ်ပြည်လုံး ကောင်းစားရချိမ့်မည်။ သူတို့ ပြောင်းပြန် ဖြစ်ကြလျှင် ဘာယာတစ်ပြည်လုံးလည်း ပြောင်းပြန်ဖြစ်မည်ပင်တည်း။ (ပြည်ကြီးဘာယာ မှ)