ဤစာအုပ်သည် သက်ဆိုင်ရာ မြေယာစီမံခန့်ခွဲရေး ဝန်ထမ်းများအတွက်သာမက မြေယာသမိုင်းကို စိတ်ပါဝင်စားသူများ၊ အများ ပြည်သူများအတွက်လည်း ဗဟုသုတအဖြစ် ဖြည့်ဆည်းထောက်ကူမှု ပြုနိုင်မည့် စာအုပ် တစ်အုပ် ဖြစ်ပါသည်။
မြို့မြေ Urban Survey တိုင်းတာပြီဆိုပါက မဖြစ်မနေဆောင်ရွက်ရသည့် Boundary Officer နှင့် Demarcation Officer များ ခန့်ထားသည်မူနှင့် ၎င်းတို့ တာဝန်ယူရမည့် ကိစ္စရပ်များ၊ တိုင်းတာရရှိလာသော မြို့ကွက်မြေပုံသစ်၌ ဦးပိုင်ခွဲခြား စုံစမ်းခြင်း Tenure Enquire ဆောင်ရွက်မှု၊ လုပ်ငန်း၏ သဘောသဘာဝနှင့် Tenure Enquire နှင့် တစ်ဆက်တည်း မြို့မြေစီမံခန့်ခွဲမှု၌ အရေးပါလှသော မြေပိုင်ဆိုင်မှုမှတ်တမ်း မြေရာဇဝင် (1.A) ၏ ကနဦးမူလအစ ဖြစ်သည့် Townand Roll ကို မည်သို့ရေးဆွဲ၍ မြေရာဇဝင်မှတ်တမ်း (၁-က မှတ်ပုံတင်စာရင်း) ဆက်လက် တည်ထောင်ရမှုတို့ကို တည်ဆဲဥပဒေ ညွှန်ကြားချက်များနှင့်အညီ ရှင်းလင်းဖော်ပြထားပါသည်။
လယ်ယာမြေကို အခြားနည်း သုံးခွင့်ရပြီးနောက်ပိုင်း လန ၃၉ သို့မဟုတ် လယ ၃၀ ခွင့်ပြုမိန့် ရရှိမြေအပေါ်နောက်ဆက်တွဲ စီမံခန့်ခွဲရသည့် လုပ်ထုံးလုပ်နည်းများ နှင့် ဂရန်မြေအဖြစ် မည်သို့ပြောင်းလဲနိုင်မှုများအား လေ့လာသိရှိရန်နှင့် ၁၉၅၃ လယ်နိုင်အက်ဥပဒေ အရ သိမ်းဆည်းခဲ့သော လယ်ယာမြေများအား ၁၈၉၄ မြေသိမ်းဥပဒေတွင် ပြဋ္ဌာန်းထားသော ဈေးကွက်တန်ဖိုး Market Value အရ ပေးလျော်မှုမရှိခဲ့ဘဲ မြေခွန်၏ ၁၂ ဆမှ အဆ ၂၀ သာ ပေးလျော်ခဲ့ရသည်ဆိုသော အကြောင်းရင်းကိုပါ စိစစ် တင်ပြထားပါသည်။
၁၉၅၃ လယ်နိုင် ဥပဒေ အရ သိမ်းယူခြင်းခံရသော လယ်ယာမြေသည် ဓားမဦးချ၊ ဘိုးဘွားပိုင်ဖြစ်စေကာမူ နိုင်ငံတော်က မြေပြန်လည် ရယူချိန်မှစ၍ လယ်ယာမြေ သိမ်းဆည်းခံရသူများ၏ အစဉ်အဆက် တည်ရှိနေသည့် သိမ်းယူခြင်း မပြုမီက သက်ရောက်သမျှသော အခွင့်အရေးအားလုံးသည် ထို လယ်ယာမြေကို နိုင်ငံတော်သမ္မတက ပြန်လည်သိမ်းယူသည့်အခါ၌ လုံးဝရပ်စဲသွားရခြင်းကိုလည်း သိရှိလေ့လာရပါမည်။ မြေခွန်တော်အရပ်ရပ် စည်းကြပ်မှုအကြောင်းအရာနှင့် တစ်ခေတ်တစ်ခါက အဓိကကျသည့် အခွန်တော်ဖြစ်သော လူခွန်တော်နှင့် သဿမေဓခွန်တို့၏ ရာဇဝင်တို့ကို မြေယာစီမံခန့်ခွဲရေး ပညာရှင်မှ စေ့ငုသေချာစွာ ရှင်းလင်းတင်ပြထားချက်များအား ဗဟုသုတအဖြစ် လေ့လာနိုင်ပါသည်။
ယနေ့ နိုင်ငံတော်၏ Pro-Poor plan အရ Landless Farmers and Small Holder များအား မြေယာချထားမှုစီစဉ်သည့် လုပ်ငန်းတွင် နည်းယူကိုးကား၍ ခေတ်မီ နည်းနိဿယတို့ဖြင့် ပြန်လည်အသုံးပြုသင့်သည့် ဗြိတိသျှ ကိုလိုနီခေတ်ကာလတွင် မြေမဲ့ယာမဲ့များအား လယ်ယာလုပ်ကိုင်နိုင်ရန် အစိုးရမှ စီမံဆောင်ရွက်ခဲ့သော နယ်သစ်ဖွင့် မြေချထားမှု စနစ် State Colony System ကိုလည်း ရှာဖွေထုတ်နုတ်၍ တင်ပြထားပါသည်။