ဒီကနေ့မှာ တော်နေရင် မနက်ဖြန်မှာ အစွမ်းအစတွေ ပိုထက်မြက်လာလိမ့်မယ် သင်ကြားရတာ အခက်အခဲဆုံးသူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်နေမလဲ။ ဘယ်တော့မှ သင်ယူဖို့ မကြိုးစားခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ်။ အဲသလို လူမျိုးတွေဆီမှာ စိတ်ကူးသစ်တစ်ခု ရအောင် လုပ်ပေးရတာမျိုးဟာ ခရမ်းချဉ်ပင်တစ်ပင်ကို ကွန်ကရစ်ပေါ် ချစိုက်ပျိုးရတာနဲ့ တူပါတယ်။ မိတ်ဆွေအဲဒီ ခရမ်းချဉ်ပင်ကို မြေကြီးထဲထိ ရောက်အောင် စိုက်ပေးခဲ့တာတောင် အဲဒီအပင် ဆက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ မိတ်ဆွေ ပိုပြီးလေ့လာသင်ယူ၊ ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် လုပ်လာတာနဲ့အမျှ မိတ်ဆွေရဲ့ ဆက်လက်လေ့လာသင်ယူနိုင်စွမ်းဟာ ထက်မြက်နေပါလိမ့်မယ်။ မိတ်ဆွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ပိုတိုးတက်လာတာနဲ့အမျှ မနက်ဖြန် ရောက်သွားတဲ့အခါ မိတ်ဆွေရဲ့တန်ဖိုး ပိုမြင့်သွားပါလိမ့်မယ်။အိန္ဒိယ ပြုပြင်ပြောင်းလဲရေးသမားကြီး မဟတ္တမ ဂန္ဓီက “ဒီကနေ့ ကျွန်တော်တို့ လုပ်နေတာတွေနဲ့ ကျွန်တော်တို့ လုပ်နိုင်စွမ်း ရှိတာတွေရဲ့ခြားနားမှုဟာ ကမ္ဘာပေါ်က ပြဿနာအများစုကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်” လို့ ဆိုဖူးပါတယ်။ ဒါဟာ ကျွန်တော်တို့တွေရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းဘယ်လောက်တောင် အင်အား ကြီးမားသလဲ ဆိုတာ ပြနေပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်လုပ်ဖို့ လိုတာကတော့ ပိုပြီး လေ့လာသင်ယူ၊ ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် လုပ်၊ ပိုပြီး ဖြစ်လာအောင် လုပ်ကြဖို့သာပါပဲ။ဒီစာအုပ်အတွက် ကျွန်တော် တွေ့ဆုံ မေးမြန်းခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်က ခုလို ပြောပြတယ်။ သူ ပထမဆုံး စဝင်လုပ်ခဲ့တဲ့ အလုပ်မှာတုန်းကပါ။ သူ အမှားတစ်ခု ကျူးလွန်လိုက်ပြီး ဆိုတာနဲ့ သူ့ဘောစ့်က သူ့ကို ထိုင်ခိုင်းပြီး အဲဒီအကြောင်းကို နှစ်ယောက် ပြောကြပါတယ်။ အဲသလို တွေ့ဆုံပြောဆိုရာကနေ သူ ထပြီး ပြန်တောမယ်လို့ ဆိုတာနဲ့ သူ့ဘောစ်က “မင်း အဲဒီအမှားကနေ သင်ခန်းစာတစ်ခုခု ရသွားလား” လို့မေးတယ်။ ပြီးတာနဲ့ အဲဒါကို ရှင်းပြပါဦးလို့ ခိုင်းတယ်။အဲဒီအချိန်တုန်းကတော့ လူငယ်ခေါင်းဆောင်လေးဟာ သူ့ဘော့စ်က သူ့ကို တယ်နှိပ်စက်တာပဲလို့ ထင်ခဲ့မိတယ်။ နောက်ပိုင်းကျလို့ အလုပ်ထဲမှာ သူ တဖြည်းဖြည်း တိုးတက်အောင်မြင်မှုတွေ ရလာတော့မှ သူအဲသလို ရတာဟာ သူ့ဘောစ်က ပြုပြင်ပြောင်းလဲအောင် ပြောခဲ့ရာကလေ့ကျင့်ယူခဲ့လို့ဖြစ်ကြောင်း သတိပြုမိလာတယ်။ သူ့ဘောစ်က သူ့ကို ပြောခဲ့တာတွေဟာ သူ့အပေါ် အတော်ကြီး လွှမ်းမိုးခဲ့တာပါ။ အဲဒါကြောင့်ပဲ သူ ပိုပြီး ကောင်းအောင်လုပ်မယ် ဆိုတဲ့အကျင့် ဖြစ်ပေါ်လာခဲ့တာပါ။အဖွဲ့အစည်းထဲမှာ မိတ်ဆွေထက် ရှေ့ရောက်နေသူအပေါ်မှာ သြဇာလွှမ်းမိုးချင်တယ်၊ အမြဲတမ်း သူတို့ထက်မှာ ရှိနေချင်တယ် ဆိုရင် မိတ်ဆွေဟာ ပိုပြီး ကောင်းသထက်ကောင်း၊ တော်သထက်တော်အောင် လုပ်ရပါလိမ့်မယ်။ မိတ်ဆွေ ဖွံ့ဖြိုးတိုးတက်ဖို့ ရင်းနှီးမြုပ်နှံပေးလိုက်ရတာဟာ အရည်အချင်း တက်လာအောင်၊ လိုက်လျောညီထွေ ကျင့်ကြံနေထိုင်တတ်အောင်၊ လိုက်လျောညီထွေ ကျင့်ကြံနေထိုင်တတ်အောင်နဲ့ ရာထူးအဆင့် တိုးမြင့်လာရအောင် ရင်းနှီးမြုပ်နှံပေးလိုက်ရတာတွေပါ။ ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင်၊ ဆက်လက် လေ့လာသင်ယူနေရအောင် ကိုယ် ပေးဆပ်လိုက်တဲ့ တန်ဖိုးထက် ဘာမှ မလုပ်ဘဲနေလိုက်လို့ ဆုံးရှုံးသွားတဲ့ တန်ဖိုးက ပိုကြီးတယ် ဆိုတာ သတိပြုလိုက်ပါ။
ကြည်ရွှန်း၏ကိုယ်ထူးကိုယ်ချွန် စာအုပ်မှ