ယနေ့ ၉-၅-၂၀၂၅ သောကြာနေ့ နေ့လယ် ၁ နာရီက Wisdom House စာအုပ်တိုက်ရဲ့ နေရာသစ်မှာ ဆရာအောင်ထူးရဲ့ “မြတ်ဗုန္ဓ၏ ဒဿန၊ စာရိတ္တနှင့် ဘာဝနာ” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးခဲ့ပါပြီ။ ဒီ အခမ်းအနားမှာ ဆရာဇော်ဦးငြိမ်းက အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဆရာကြည်ရွှန်းက ဒီစာအုပ်ကို ထုတ်ဝေဖြစ်ရတဲ့အကြောင်းရင်းနဲ့ ပါဝင် ကူညီပေးကြသူတွေကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ စာအုပ်ပြုစုသူ ဆရာအောင်ထူးက ဒီစာအုပ်ကို ရေးသားခဲ့ရတဲ့ အကြောင်းရင်းကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒီစာအုပ်ပွဲကို တက်ရောက်လာကြတဲ့ ပရိသတ်တွေထဲကနေပြီး ဆရာတင်ညွန့်က ဒီစာအုပ်ကို သူ ဖတ်ရှူပြီးတဲ့အခါ ဒီစာအုပ်ထဲမှာ ရည်ညွှန်းဖော်ပြထားတဲ့ မူရင်းစာတွေကို လိုက်လံရှာဖွေ ဖတ်ဖြစ်တဲ့အကြောင်းနဲ့ ဆင့်ပွားဖတ်ရှုခဲ့ပြီးသမျှ အလွန် အကျိုးရှိလွန်းလို့ ဒီစာအုပ်ကိုပြုစုသူ ဆရာ အောင်ထူးကို ကျေးဇူးတင်ရှိတဲ့အကြောင်း အကျယ်တဝင့် ဆွေးနွေးတင်ပြသွားပါတယ်။
ပွဲကို တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်တွေ ထဲက ဆရာမ နတ်မောက်အနီချို၊ ဆရာမ တက္ကသိုလ်အေးမြစန္ဒာ၊ ဆရာ ဦးသိန်းအောင်(IP) တို့ကလဲ ဝမ်းမြောက်ကြောင်း မုဒိတာစကား ပြောကြားခဲ့ကြပါတယ်။ဒီကနေ့ အခမ်းအနားကို သတင်းလာရောက် ရယူကြတဲ့ စာနယ်ဇင်းမီဒီယာတွေ၊ အခမ်းအနားကို တက်ရောက်ချီးမြှင့်ကြတဲ့ ဆရာဆရာမတွေနဲ့တကွ ဧည့်ပရိသတ်တွေ၊ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အစအဆုံး ပါဝင်ကူညီပေးတဲ့ ဆရာကျော်စိုးဝင်းနဲ့ ဝိုင်းဝန်းကူညီသူအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်း Wisdom House က မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
