မြေငှါးဂရန် ထုတ်ပေးရာတွင် လူနေအိမ်ရာအဖြစ် အသုံးပြုရန်၊ အဆောက်အအုံ ဆောက်လုပ်ရန် (စီးပွားရေး လုပ်ကိုင်ရန်)နှင့် စက်မှုလုပ်ငန်း လုပ်ကိုင်ရန် ဟူသည့် အကြောင်းရင်းအလိုက် မြေငှါးဂရန် ထုတ်ပေးခြင်းများ ရှိရာတွင် ဤစာအုပ်ပါ ရေးသားချက်များသည် နိင်ငံသားပြည်သူ အများစုနှင့် သက်ဆိုင်သည့် လူနေအိမ်ရာအဖြစ် အသုံးပြုရန်အတွက် ဦးတည်ရေးသားထားပါသည်။ (မိတ်ဆက်အမှာစကားမှ)
ညွှန်ကြားစာအရ ဆိုပါက မြေဧရိယာ တစ်ဧကပင် မပြည့်သည့် ၄၀ ပေ× ၆၀ ပေ အကျယ်အဝန်းရှိသော လူနေအိမ်ရာကွက်များအတွက် မြေငှါး ဂရန် ထုတ်ပေးရေး ဆောင်ရွက်မှုသည် ကန့်ကွက်မှုနှင့် အရှုပ်အရှင်း ကင်းပါက ရက်ပေါင်း ၄၀ အတွင်း ဆောင်ရွက်ပြီးစီးရမည် ဖြစ်ပါသည်။ ထိုရက်အတွင်း မပြီးစီးပါက မြေငှါးဂရန်ကိစ္စစီမံ ဆောင်ရွက်သည့် ခရိုင် အုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိလာတော့မည် ဖြစ်ပါသည်။ (မြေငှါးဂရန် ဆောင်ရွက်ရန် အချိန်ကာလ သတ်မှတ်ချက်မှ)
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် သက်တမ်းကုန်ဆုံးမည့် မြေငှါးဂရန် တင်ပြ၍ သက်တမ်းတိုးအတွက် လျှောက်ထားခြင်းသာမက မြေငှါးဂရန် တင်ပြနိင်ခြင်းမရှိဘဲ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားဆောင်ရွက်နိင်ခြင်းအတွက် သတ်မှတ် ထုတ်ပြန်ထားမှုကို ထူးခြားစွာ တွေ့ရှိရပါသည်။ (ရန်ကုန်မြို့တော်တွင် မြေငှါးဂရန် သက်တမ်းတိုးခြင်းမှ)
ပြင်ဦးလွင် မြို့တွင် မြေငှါးဂရန် ထုတ်ပေးမည်ဆိုပါက မြေနယ်သတ် အက်ဥပဒေအရ မြေနယ် သတ်မှတ်ပြီး ဖြစ်ရမည့်အပြင် ယင်းမြို့မြေ မြေပုံကို ပြည်ထောင်စု အစိုးရက အတည်ပြုချက် ရှိထားရပါမည်။ ယင်းသို့သောမြေဖြစ်ပါက ခရိုင်အုပ်ချုပ်ရေးမှူးသည် အတည်ပြုမြေပုံပါ အိမ်ရာကွက်ကို ဧရိယာ မည်မျှပင်ဖြစ်စေ မြေငှါးဂရန် ထုတ်ပေးပိုင်ခွင့် ရှိပါသည်။ (ပြင်ဦးလွင်မြို့တွင် မြေငှါးဂရန် ထုတ်ပေးခြင်းမှ)