အမေရိကန် စာရေးဆရာကြီး ဝီလျံဖောက်နာ (William Cuthbert Faulkner) ကို အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ်၊ နယူးအယ်လ်ဘာနီမြို့မှာ ၁၈၉၇ ခုနှစ်၊ စက်တင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ အမေရိကန် စာရေးဆရာ အကျော်အမော်တွေထဲမှာ ဇာတိချက်ကြွေ မွေးရပ်မြေအကြောင်းကို စွဲစွဲလမ်းလမ်း ဖွဲ့ဆိုတတ်သူအဖြစ် ထင်ရှားသူလည်း ဖြစ်ပါတယ်။ ဝီလျံဖောက်နာ ဟာ သူရဲ့ ပြည်နယ်ကို ချစ်မြတ်နိုးသလိုပဲ “ရေများ၏ ဖခင်” လို့ လူနီတွေရဲ့ အခေါ်အဝေါ်ကို အစွဲပြုပြီး မှည့်ခေါ်ထားတဲ့ မစ္စစ္စပီမြစ်ကြီးကိုလည်း သူ အလွန်တွယ်တာခဲ့တဲ့ အကြောင်းကို သူရဲ့ စာပေတွေမှာ ဖော်ပြထားပါတယ်။ ဝီလျံဖောက်နာ ဟာ ပန်းချီဝါသနာပါသူ၊ လင်္ကာတွေလည်း ရေးဖွဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ စာပေတွေကို ရှည်လျားတဲ့ ဝါကျတွေနဲ့ ရေးဖွဲ့တတ်သူ၊ သူမတူ စိတ်ကူးစိတ်သန်းရှိသူ၊ စိတ်ကူးရှိတဲ့အတိုင်း လွတ်လပ်စွာနဲ့ ခြယ်မှုန်းတတ်သူ ဖြစ်တဲ့အတွက် “သူ၏ စာပေ အစုအဝေးသည် ရှုပ်ထွေးသည်၊ ခက်ခဲသည်” လို့ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ “ဝီလျံဖောက်နာ ဟာ ဇာတ်လမ်းကို ဆုံးမှစတတ်သူ” လို့ ဆရာ နတ်နွယ် ကလည်း ကောက်ချက်ချဖူးပါတယ်။ ဝီလျံဖောက်နာ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ Sound And The Fury , Absalom Absalom , Light In August တွေဟာ ထင်ရှားပါတယ်။ The Old Man (ဇရာအို) ဝတ္ထုကို Absalom Absalom ဝတ္ထုရှည်ကြီးထဲမှာ The Wild Palms နဲ့ တွဲပြီး ထုတ်ဝေထားပါတယ်။
အမေရိကန် ဝတ္ထုလောကကို အနုပညာ အားကောင်းကောင်းနဲ့ ထူးထူးခြားခြား ဖြည့်ဆည်းပေးနိုင်လို့ ၁၉၄၉ ခုနှစ်မှာ စာပေနိုဘယ်ဆုကို ချီးမြှင့်ခြင်း ခံရပါတယ်။The Old Man မှာလည်း ဝီလျံဖောက်နာ ရဲ့ ထုံးစံအတိုင်း သူ ချစ်တဲ့ မစ္စစ္စပီမြစ်ကြီး စီးဆင်းရာ မစ္စစ္စပီပြည်နယ်၊ လူဝီစီးယားနားပြည်နယ်၊ မြေနုပိုင်း ဒေသတွေကို အခြေခံပြီး လူ့အဖွဲ့အစည်းရဲ့ ကမောက်ကမ ဖြစ်စဉ်တွေကို ရေးသားထားပါတယ်။
ဝီလျံဖောက်နာ ရဲ့ The Old Man ကို ဇရာအိုကြီး အဖြစ် ဘာသာပြန်ခဲ့သူ ဆရာ ထွန်းမြတ်အေး ဟာ ဒီစာအုပ်နဲ့ ၁၉၉၈ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်စာမူ ပထမဆု (SapayBeikman Manuscript Literary Award Winner Book) နဲ့ ၂၀၀၀ ပြည့်နှစ်မှာ အမျိုးသားစာပေ (ဘာသာပြန် – ရသ) ဆု (National Literary Award Winner Book)ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။“ဇရာအိုကြီး” ဆိုတာဟာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဖွဲ့ဆိုထားခြင်းမျိုး မဟုတ်ဘဲ မစ္စစ္စပီမြစ်ကြီးကို ထိုဒေသက လူပုဂ္ဂိုလ်တွေက တင်စားပြောဆိုတဲ့ ဒေသဆိုင်ရာ အသုံးအနှုန်း ဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်က ထောင်သား တစ်ယောက်ပါ။ ဒိုင်းမွန်းဒစ်၊ ဂျက်ဆီဂျိမ်း တို့ပါတဲ့ စွန့်စားခန်း ဝတ္တုထဲကအတိုင်း ရထားကို ဓားပြတိုက်လို့ ထောင်ကျရသူပေါ့။ လက်ဆွဲမီးအိမ်၊ မျက်နှာဖုံး လက်ကိုင်ပဝါ အမည်းတစ်ထည်၊ ပစ်မရတဲ့ သေနက်နက်နဲ့ လုံခြုံရေး များတဲ့ မီးခံသေတ္တာတွေပါတဲ့ ရထားတွဲကို ဝင်လိုက်မိလို့ အဖမ်းခံလိုက်ရတာပေါ့။ ဓားပြတိုက်ရန် အားထုတ်မှုနဲ့ အသက် ၁၉ နှစ်မှာ ထောင်ဒဏ် ၁၅ နှစ် ကျခံရသူပါ။
နောက် ဇာတ်ကောင် တစ်ယောက်က ဓာတ်ဆီဆိုင် တစ်ဆိုင် ဓားပြတိုက်ခံရတဲ့ အခင်းမှာ အလုပ်သမား တစ်ယောက် သေနတ်နဲ့ အပစ်သတ်ခံရတဲ့ နေရာမှာ ရှိနေလို့ တရားခံအဖြစ် စွပ်စွဲခံရပြီး ထောင်ဒဏ် ၁၉၉ နှစ် ကျခံရမယ့် ထောင်သားဖြစ်ပါတယ်။ ထောင်သား ၂ ဦးရဲ့ ထောင်ထဲမှာ တွေ့ကြုံရတာတွေ၊ ဇရာအို မြစ်ကြီးရဲ့ ရေကြီးမှုရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့ရတာတွေကို ဇာတ်ကြောင်းပြန် နောက်ကြောင်းလှန်ရေးလိုက်၊ လက်ရှိအခြေအနေကို ရေးလိုက်နဲ့ ဖတ်ရှုသူတွေကို ဆွဲဆောင်ထားပါတယ်။
ဇရာအိုကြီး ကို ဒုတိယအကြိမ် စီစဉ်သူက -“ဝတ္ထုမှာ ဇာတ်ကောင်အမည် မဖော်ဘဲ ရေးဖွဲ့သွား တာမျိုးက ခပ်ရှားရှားပါ။ ဒက်ဖနီ ဒူမောရီးယားရဲ့ ‘ရီဘက်ခါ’ လောက်ပဲ တွေ့ဖူးပါတယ်။ ခုဝတ္တုမှာ ဇာတ်ကောင်တွေကို အမည်မဖော်ဘဲ သရုပ်ပေါ်သွားအောင် ရေးသွားတဲ့အပြင် ဇာတ်ကြောင်းကိုလည်း ရှေ့သွားလိုက်၊ နောက်ကြောင်း ပြန်ပြလိုက်နဲ့ ဇာတ်သိမ်း ကျတော့မှ မူရင်း စာရေးဆရာက ရင်ထဲကို တစ်ခုထက် မကတာတွေ ချန်ထားပေးခဲ့ပါတော့တယ်။
ဝီလျံဖော့ကနာ က စကားလုံးတွေ ကွန့်မြူးသလောက် ဘာသာပြန်သူကလည်း အမီလိုက်နိုင်အောင် ကြိုးစားထားလို့ ကွင်းခနဲ ကွက်ခနဲ ဖြစ်ရတဲ့အပြင် သရော်သံတွေပါ လွှမ်းနေတာ တွေ့ရလို့ ကျွန်တော်တို့တွေ ကျောင်းသားဘဝကတည်းက အသည်းစွဲခဲ့ရတဲ့ ဆရာမောင်ထင် ရဲ့ ‘ငဘ’ ကိုတောင် သတိရမိပါသေးတယ်။ ဟုတ် မဟုတ်ကိုတော့ စာရှုသူများ ကိုယ်တိုင်သာ အကဲဖြတ်ကြည့်ကြဖို့ပါ” လို့ ပြောထားပါတယ်။ မျက်နှာဖုံးဒီဇိုင်းအနေနဲ့ ပထမအကြိမ်ထုတ်မှာတုန်းက ဆရာကြီး William Cuthbert Faulkner ရဲ့ ပုံကို ရှေ့မှာ သုံးထားပြီး ကျောဘက်အဖုံးမှာတော့ ဆရာ ထွန်းမြတ်အေး ရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြထားပါတယ်။ ဒုတိယအကြိမ်မှာတော့ ၁၉၅၃ ခုနှစ်က Shelby State Park အနီးမှာ ဖြတ်သန်းသွားတဲ့ မစ္စစ္စပီမြစ် ဓာတ်ပုံကို ဒီဇိုင်းဖွဲ့ထားပါတယ်။
စာအုပ်က ကောင်းလား၊ မကောင်းဘူးလား ဆိုတာကတော့ စာပေဗိမာန်ဆု၊ အမျိုးသား စာပေဆုတွေ ရထားတာက သက်သေပါပဲ။
🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။
စာအုပ်မှာယူလိုပါက
Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။
အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။
Official Website- https://www.facebook.com/wisdomhousepublishing
Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc