ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)၏ အမှာစာ

(၁)
စက်တင်ဘာလလယ်က ဖြစ်ပါသည်။
မိတ်ဆွေ နှစ်ယောက် ကျွန်တော့်အိမ်သို့ ရောက်လာကြသည်။ တစ်ယောက်က လွန်ခဲ့သော နှစ် ၃၀ ကျော်ကာလကတည်းက မြန်မာစာ မဟာဝိဇ္ဇာသင်တန်းသူ တပည့်အဖြစ် ကျွန်တော်နှင့် သိကျွမ်းခင်မင်ရသော မဥမ္မာမြိုင် ဖြစ်သည်။ မဥမ္မာမြိုင်မှာ ကျွန်တော် ကြည်ညို လေးစားသော စာရေးဆရာကြီး ဦးလေးမြိုင်၏ သမီး ဖြစ်သည်။ နောက်တစ်ယောက်က စာပေပွဲများတွင် ရံဖန်ရံခါ ဆုံဖူးသော အမျိုးသမီး စာရေးဆရာမ မသန်းသန်း (မန်းတက္ကသိုလ်) ဖြစ်သည်။
သူတို့ ရောက်လာရသည့် အကြောင်းမှာ မကြာမီကပင် မသန်းသန်း (မန်းတက္ကသိုလ်) ရေးသား ပြုစုပြီးစီးသော ဆရာကြီးဦးလေးမြိုင်အတ္ထုပ္ပတ္တိ ကို ပုံနှိပ်ထုတ်ဝေ မည်ဖြစ်၍ ကျွန်တော့်ထံမှ အမှာစာ တောင်းရန် လာကြ ခြင်း ဖြစ်ကြောင်း ပြောပြကြသည်။ ဆရာကြီး ဦးလေးမြိုင်ကိုယ်တိုင်ကလည်း ဤသို့ ဆန္ဒရှိကြောင်း သိရသည်။ ကြည်ညိုရင်းစွဲ ဖြစ်သော ဆရာကြီး၏ အတ္ထုပ္ပတ္တိအတွက် အမှာစာ ရေးခွင့်ကြုံရသည်ကို များစွာ ဝမ်းသာဂုဏ်ယူသော စိတ်ဖြင့် စာမူကို ကြည့်လိုက်သောအခါ ‘လေးမြိုင်-စာပေသတ္တိဖြင့် ရှင်သန်သူ’ ဟူ၍ ခေါင်းစဉ်ကလေးကို မြင်လိုက်ရပါသည်။

(၂)
ဆရာကြီး ဦးလေးမြိုင်၏ အတ္ထုပ္ပတ္တိကို ဖတ်နေစဉ်မှာပင် ကျွန်တော်၏ စိတ်အာရုံသည် ၁၉၇၀ ကျော် ၈၀ ဝန်းကျင်ကာလဆီသို့ ပြန်ရောက်သွားပါသည်။ မျက်စိထဲမှာ မြင်ယောင်လာသည်ကတော့ ရန်ကုန်မြို့ ၃၂ လမ်းမှာ ရှိသော မြဝတီပုံနှိပ်တိုက် အဆောက်အအုံကြီး ဖြစ်သည်။
ထိုအချိန်က ကျွန်တော့်ဆောင်းပါးကလေးများ ‘တို့ကျောင်းသား’ စာစောင်မှာ လစဉ် ပါနေသည်။ ‘ငွေတာရီ’နှင့် ‘မြဝတီ’မှာလည်း ကျွန်တော့် ဆောင်းပါးများ မကြာခဏ ပါသည်။ လစဉ် ပါနိုင်လောက်အောင်တော့ လက်မသွက်သေးပါ။ မြဝတီတိုက်ကိုတော့ လဆန်းတိုင်း ရောက်ပါသည်။ ခပ်မှောင်မှောင် သစ်သားလှေကားထစ်များကို နင်းတက်သွားပြီး အပေါ်သို့ ရောက်သောအခါ အယ်ဒီတာအဖွဲ့ အခန်းများကို အစီအရီ တွေ့ရသည်။
အယ်ဒီတာချုပ် ဆရာမင်းယုဝေအခန်းသို့ ဝင်ပြီး နှုတ်ဆက်စကား ပြောသည်။ ဆရာက စာကြိုးစားရေးရန် အမြဲ အားပေးသည်။ ပြီးလျှင် ငွေတာရီ အယ်ဒီတာ ဆရာဦးလေးမြိုင်၏အခန်းသို့ ဝင်မြဲ ဖြစ်သည်။ ဆရာ့ကို တည် ငြိမ် အေးချမ်းသောအသွင်ဖြင့် အမြဲ တွေ့ရသည်။ ဆရာကလည်း ငွေတာရီ အတွက် ကျွန်တော် ရေးသော ဆောင်းပါးများကို ကြိုဆိုမြဲ ဖြစ်သည်။ ဆောင်းပါးနှင့်စပ်လျဉ်း၍ ပြောစရာရှိလျှင် ပြောသည်။ အထူးသဖြင့် မြန်မာ စာပေဆိုင်ရာ ဆောင်းပါးများ ရေးနေသည်ကို ဝမ်းသာကြောင်း ဆရာ့စကား များက ဖော်ပြနေသည်။
မအောင်မြင်သေးသော ကျွန်တော့်လို ကလောင်ငယ်တစ်ယောက်အဖို့ ဆရာတို့လို အယ်ဒီတာများ၏ အားပေးစကားများမှာ စာဆက်ရေးချင်အောင် တွန်းအားပေးသော အားဆေးများ ဖြစ်ပါသည်။ ‘တို့ကျောင်းသား’၊ ‘ငွေတာရီ’၊ ‘မြဝတီ’တို့တွင် ကျွန်တော့်ကို မြေတောင်မြှောက်ပေးသော ဆရာမင်းယုဝေနှင့် ဆရာဦးလေးမြိုင် ဟူသော ဆရာကြီးနှစ်ဦး၏ ကျေးဇူးကို အမှတ်ထင်ထင် ဖြစ်ရပါသည်။
ဆရာကြီးဦးလေးမြိုင်၏ ဆောင်ရွက်ချက်များအကြောင်း ကြားနေရသော်လည်း ဆရာကြီးနှင့် အဆက်ဝေးနေပါသည်။ မှတ်မှတ်ရရ တောင်ဥက္ကလာပ မြို့နယ် စာပေလုပ်သားအဖွဲ့က ကျင်းပသော စာပေဟောပြောပွဲတစ်ခုမှာ အတူ ဟောပြောရင်း ဆုံရသည်။ ဆရာမင်းယုဝေ၏ အသက် ၈၀ ပြည့်ပွဲမှာ တစ်ခါ ဆုံရသည်။ နောက်တစ်ကြိမ်မှာတော့ ရွှေသမင်စာပေတိုက် မိသားစု က သက်ကြီးဝါကြီး စာရေးဆရာကြီးများကို ဂုဏ်ပြု ပူဇော်ကန်တော့သည့်ပွဲ တွင် ဆရာကြီးကို ကန်တော့ခွင့် ရခဲ့ပါသည်။ ‘ဓမ္မရံသီ ဓမ္မမဂ္ဂဇင်း’ ထွက်စက ရေးဖြစ်သော်လည်း နောက်ပိုင်းမှာ မရေးဖြစ်တော့ပါ။ ဓမ္မရံသီဆောင်းပါး ပေါင်းချုပ်များကိုတော့ ဖတ်ရပါသည်။
ဆရာကြီးအသက် ၉၄ နှစ် ရှိပြီဟု မဥမ္မာမြိုင်က ပြောသောအခါ အသက်ရှည် ကျန်းမာစွာ မြန်မာစာပေအကျိုး၊ ဗုဒ္ဓသာသနာအကျိုးကို ဆောင်ရွက်နေဆဲဖြစ်သော ဆရာကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကို ဆင်ခြင် နှလုံးသွင်းမိပါသည်။

(၃)
မသန်းသန်း(မန်းတက္ကသိုလ်) ၏ ဆောင်းပါးများကို ဖတ်ဖူးပါသည်။ ဤ အတ္ထုပ္ပတ္တိကဲ့သို့ ‘စာရှည်’မျိုးကိုတော့ ယခုမှ ဖတ်ဖူးခြင်း ဖြစ်သည်။ ဆရာကြီး၏ အတ္ထုပ္ပတ္တိကို အစမှ အဆုံး ဖတ်ပြီးသောအခါ လူ့လောကထဲသို့ ‘မောင်အောင်ဖေကလေး’အဖြစ် ရောက်လာချိန်မှ ယခု ဆရာကြီးဦးလေးမြိုင် အဖြစ် ရပ်တည်နေချိန်အထိ တရိပ်ရိပ် ဖွံ့ဖြိုးလာသော စာပေပညာရှင် ဆရာကြီး၏ ပုံပန်းသွင်ပြင်၊ အမူအကျင့်၊ စိတ်နေသဘောထား၊ ခံယူချက် စသည်တို့ကို ဆရာကြီး၏ ဘဝတစ်လျှောက်လုံး အနီးကပ် ရှုမြင်သုံးသပ် ပြောပြနေသကဲ့သို့ အသေးစိတ် မြင်ယောင်ကြားယောင်လာအောင် ‘ဆွဲခေါ်’ နိုင်စွမ်းရှိသော ‘လက်ရာ’ ကောင်းတစ်ပုဒ် ဖတ်ရသည့် အရသာကို ခံစားလိုက် ရပါသည်။
ထင်ရှားသော အချက်တစ်ချက်မှာ စာရေးသူက အတ္ထုပ္ပတ္တိရှင် ဆရာကြီး ဦးလေးမြိုင်ကို ပုံဖော်ရာတွင် ဆရာကြီးတစ်ဦးတည်းကိုသာ ကွက်၍ ပုံဖော်ခြင်း မဟုတ်ဘဲ ဆရာကြီး ဖြတ်သန်းခဲ့ရသော နောက်ခံ ခေတ်သရုပ်ကို အသေးစိတ် ရေးဖွဲ့ပြရင်း ဆရာကြီးကို နောက်ခံခေတ်မြင်ကွင်းထဲမှာ တစ်သားတည်း ထည့်သွင်းကာ ဆက်စပ်ပုံဖော်သွားခြင်းပင် ဖြစ်သည်။ ထို့ ကြောင့် စာဖတ်သူသည် ဆရာကြီးတစ်ဦးတည်းကိုသာ ထင်းထင်းကြီး မြင်နေရသည် မဟုတ်ဘဲ အထူးသဖြင့် ဆရာကြီး ကျင်လည်လှုပ်ရှားခဲ့ရသော စာပေ လောကဝန်းကျင်နှင့် ဆက်စပ်ယှက်နွှယ်နေသော ဆရာကြီး၏ဘဝပုံရိပ်ကို သဘာဝကျကျ ဆက်စပ်ရှုမြင် ရပါသည်။ ဤအချက်သည် ဤအတ္ထုပ္ပတ္တိ၏ နှစ်သက်ဖွယ် အချက်တစ်ချက် ဖြစ်သည်ဟု အလေးအနက် ခံယူမိပါသည်။

🏘️Wisdom House စာအုပ်တိုက်
အခန်း (၀၀၂) မြေညီထပ်၊ တိုက် (၅၆)၊ အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြိုနယ်၊ ရန်ကုန်မြို့ ။

စာအုပ်မှာယူလိုပါက

Page : Messanger ဒါမှမဟုတ်…
☎️ : 𝟘𝟡𝟚𝟝𝟜𝟙𝟜𝟠𝟝𝟞𝟠
𝟘𝟡𝟡𝟝𝟝𝟘𝟝𝟠𝟝𝟛𝟛
𝟘𝟡𝟞𝟠𝟠𝟞𝟠𝟠𝟟𝟚𝟚
𝙑𝙞𝙗𝙚𝙧 နဲ့ 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 နံပါတ် 0̲9̲2̲5̲4̲1̲4̲8̲5̲6̲8̲ ကတစ်ဆင့်လဲ မှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပိုဆောင်ပေးပါတယ်။ အချိုနယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပိုဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် 𝙥𝙖𝙜𝙚 𝙢𝙚𝙨𝙨𝙚𝙣𝙜𝙚𝙧 (cb) ကပဲ မှာယူပေးဖို မေတ္တာရပ်ခံပါတယ်။

Official Website- https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.publishing?is_from_webapp=1&sender_device=pc

Leave a Reply

Your email address will not be published. Required fields are marked *