‘အချစ်မှာ မျက်စိ မရှိဘူး’လို့ ပြောကြတာ ရှိပါတယ်။ တစ်စုံတစ်ယောက်အပေါ် ချစ်စိတ် အရူးအမူး ဖြစ်နေပြီ ဆိုရင် ‘သင့်၏ မသင့်၏’ ဆိုတာကို ဦးနှောက်နဲ့ မချိန်ဆတော့ဘဲ မျက်စိ စုံလုံးကန်းသလို အရှိတရားကို မမြင်နိုင်ဘဲ ဖြစ်တတ်ပုံကို တင်စားပြီး ပြောကြတာပါ။ ဒီနေရာမှာ ‘မျက်စိ’နဲ့ ‘မျက်လုံး’တို့ဟာ အတူတူပဲလား ဆိုတာ မြန်မာအဘိဓာန် ဖွင့်ဆိုပုံကို လေ့လာကြည့်ပါမယ်။* မျက်စိ (နာမ်)= အမြင်အာရုံကို ယူနိုင်သော အင်္ဂါအစိတ်အပိုင်း။* မျက်လုံး (နာမ်)= မျက်စိအလုံး။ ဒါက ‘မျက်စိ’နဲ့ ‘မျက်လုံး’တို့အတွက် လုံးချင်း အဓိပ္ပာယ်ဖွင့်ဆိုထားပုံတွေပါ။ ဒီနေရာမှာ အသုံး မရှိတဲ့ ‘မျက်စေ့’ကို လွဲသုံးတတ်ကြတာလဲ ရှိပါသေးတယ်။ ဘာဖြစ်လို့ ဒီလို လွဲတတ်တာလဲ ဆိုတော့ ‘အစေ့’ ဆိုတဲ့ စာလုံးပေါင်း သတ်ပုံရဲ့ အသံထွက်ကို ရေးထားပုံအတိုင်း ‘အစေ့’လို့ အသံထွက်နိုင်သလို ‘အစိ’လို့လဲ အသံထွက်နိုင်တာကြောင့်ပါ။ အဲဒီမှာ ‘စေ့’အတွက် အသံထွက် ၂ မျိုး ဖြစ်တဲ့ ‘စေ့၊ စိ’တို့ထဲက ‘စေ့’နဲ့ လွဲတွဲတာကြောင့် ‘မျက်စေ့’ ဆိုပြီး မလျော်မကန် သုံးမိသွားတတ်ကြတာပါ။ ‘မျက်စေ့’လို့ အလွဲ ရေးပေမဲ့ အသံထွက်ကျတော့ ‘မျက်စိ’လို့လဲ အသံထွက်နိုင်လေသကိုး။ ဒါပေမဲ့ ‘မျက်စိ’ကို ‘မျက်စေ့’လို့ ရေးရင်တော့ ရေးထုံး သတ်မှတ်ထားပုံနဲ့ အံချော်နေပြီ ဆိုတာ သတိမူတတ်ဖို့ပါ။ ‘အစေ့အဆန်’ ဆိုတဲ့သဘောနဲ့ မျက်လုံးထဲမှာ ရှိတဲ့ အစေ့လုံးကို ရည်ညွှန်းလို့ ရနိုင်ပေမဲ့ အဲလို ရေးလေ့ သုံးလေ့ မရှိကြပါဘူး။ ‘ခြေမျက်စိ’ ဆိုတာကိုတောင်မှ ‘စေ့’နဲ့ မတွဲပါဘူး။ နောက်ပြီး ‘လုံး’ ဆိုတာကိုလဲ ‘မျက်လုံးမျက်ဆန်၊ မျက်လုံးမျက်ဖန်၊ အချစ်မျက်လုံး၊ အမုန်းမျက်လုံး’ ဆိုတာလောက်မှာပဲ တွဲပြီး စကားလုံးတွဲ အတော်များများကတော့ ‘စိ’နဲ့ တွဲတာပါ။ မျက်စိကျ၊၊ မျက်စိလည်၊ မျက်စိတစ်မှိတ်၊ မျက်စိကြီးနားကြီး၊ မျက်စိတစ်ဆုံး၊ မျက်စိသငယ်နားသငယ်၊ မျက်စိစပါးမွေးစူး၊ မျက်စိပျက်မျက်နှာပျက် စသဖြင့်ပေါ့လေ။ ကျွန်တော်တို့ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံကြတဲ့အခါ ချစ်တဲ့ မျက်လုံးနဲ့ ကြည့်ကြမှာလား၊ မုန်းတဲ့ မျက်လုံးနဲ့ ကြည့်ကြမှာလား။ မျက်လုံး ဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ ဆိုထားတာနဲ့အညီ ကိုယ် ကြည့်တဲ့ ကိုယ့်မျက်လုံးက တစ်ဆင့် အတွင်းနှလုံးသားထဲအထိ လှမ်းမြင်နိုင်တတ်တာကြောင့် အကောင်းအမွန် နှလုံးသား ရှိသူလား၊ အယုတ်အမာ နှလုံးသား ရှိသူလား ဆိုတာ ပေါ်လွင်နေတတ်ပါတယ်။ ဒါကြောင့် အချစ်မျက်လုံးနဲ့ ကြည့်သင့်ကြတယ်လို့ ဆိုတဲ့အခါ ခွဲခွဲခြားခြားတော့ မဖြစ်လေနဲ့ပေါ့။ ချောချောလှလှကိုမှ ရွေးကြည့်တာမျိုး မဟုတ်ဘဲ အားလုံးအပေါ် ကိုယ့်ရဲ့ အချစ်မျက်လုံးရောင်ကို မျှပေးသင့်ပါတယ်လေ။

 လိပ်စာ – အခန်း ၁၀၁၊ တိုက် ၁၁၉၁-၁၁၉၂၊ လက်ဝဲမင်းဒင်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း

စာအုပ်မှာယူဖို့အတွက် Facebook Page ၏ Messenger chat box သို့မဟုတ် ဖုန်းနံပါတ် 09254148568 (Viber/ Telegram) သို့ဆက်သွယ်စာရင်းပေးမှာယူနိုင်ပါတယ်။

အိမ်တိုင်ရာရောက်_မှာယူလိုသူတွေအတွက်- Delivery Service နဲ့ အပ်နှံ ပို့ဆောင်ပေးပါတယ်။ အချို့နယ်တွေအတွက်ဆိုရင် ကားဂိတ်ကနေ လိုအပ်သလို ပို့ဆောင်ပေးပါတယ်။ စာအုပ်တွေ မှာယူတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံရေးအတွက် page messenger (cb) ကပဲ မှာယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

Official Facebook page – https://www.facebook.com/wisdomhousepublishing

Official TikTok Account – https://www.tiktok.com/@wisdomhouse.myanmar

Leave a Reply

Your email address will not be published. Required fields are marked *