နိဒါန်းအမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နာမည် ကျော် တရားသူကြီး အိုလီဗာ ဝင်းဒဲဟုမ်း (Oliver Wendell Holmes) က တစ်ခါမှာ လူ ဆိုတာ သုံးမျိုးသုံးစား ရှိတယ်လို့ ပြောခဲ့ဖူးတယ်။ ဖြစ်မြောက်အောင် လုပ်တဲ့သူတွေရယ်၊ အဲလို ဖြစ်မြောက်အောင် လုပ်နေတာကို စောင့်ကြည့်နေတဲ့သူတွေရယ်နဲ့ နောက်ဆုံးတစ်မျိုးကတော့ ဘာတွေ ဖြစ်နေသလဲ ဆိုတာတောင် နည်းနည်းကလေးမှ မတွေးမိတဲ့သူတွေရယ်လို့ ဆိုပါတယ်။ ဒီစာအုပ်မှာတော့ ကျွန်တော်တို့တစ်တွေ လက်တွေ့ လုပ် ဆောင်ရတဲ့ ခေါင်းဆောင်မှုပညာနဲ့ ဖြစ်မြောက်အောင် လုပ် တတ်တဲ့လူတွေ အကြောင်းကို ပြောပြပါမယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ခေါင်းဆောင်မှုပညာ ဆို တာ လိုအပ်ပါတယ်။ ကျွန်တော်တို့အိမ်တွေ၊ ကျွန်တော်တို့လုပ်ငန်း အဖွဲ့အစည်းတွေ၊ ကျွန်တော်တို့ရဲ့ ပုဂ္ဂလိကအနေနဲ့ကော အများဆိုင်အနေနဲ့ပါ ဖွဲ့ထားတဲ့ အသင်းတွေနဲ့ ကျွန်တော်တို့ရဲ့ အစိုးရအတွက်ပါ ခေါင်းဆောင်မှုပညာ လိုအပ်ပါတယ်။ ကျွန်တော်တို့တစ်တွေဟာ အခုနေအခါမှာ ခေါင်းဆောင်မှုပညာကို ပိုလို့တောင်မှ လိုအပ်ပါသေးတယ်။ အထူးသဖြင့် ကျွန်တော် တို့ကို အနာဂတ်ဆီ ခေါ်ဆောင်သွားမဲ့ ခေါင်းဆောင်မှုပညာကို ပိုလို့တောင် လိုအပ်ပါသေးတယ်။ ကျွန်တော်တို့ဆီမှာ ရှေ့ရေးအမြင်နဲ့ သတ္တိရှိတဲ့သူတွေ လိုအပ်နေပါတယ်။ ကျွန်တော် တို့အတွက် နယ်သစ်ပယ်သစ်တွေ၊ လောကသစ်တွေဆီကို ခေါ် သွားနိုင်စွမ်း ရှိမဲ့သူတွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့မှာ ခေါင်းဆောင် နှစ်မျိုးနှစ်စား လိုအပ်ပါ တယ်။ ပထမအမျိုးအစားက ပိုပြီး အရေးကြီးသလို အခြေခံ အုတ်မြစ်လိုလဲ ချပေးနိုင်တဲ့ Transactional Leadership ခေါ် ပေါင်းစပ် ချိတ်ဆက်နိုင်စွမ်းရှိသူ ခေါင်းဆောင်မျိုးပါ။ ပေါင်းစပ် ချိတ်ဆက်နိုင်စွမ်းရှိသူခေါင်းဆောင်ဟာ သူကိုယ်တိုင်လဲ လုပ် စရာရှိတာတွေ ပြီးမြောက်အောင် လုပ်နိုင်သလို အခြားသူတွေ နဲ့လဲ ချိတ်ဆက် အကောင်အထည်ဖော်ပေးနိုင်သူမျိုးပါ။ ကျွန်တော်တို့ လိုအပ်တဲ့ ဒုတိယ အမျိုးအစားကတော့ ပြောင်းလဲနိုင်စွမ်းရှိသူ ခေါင်းဆောင် (transformational leader) ဖြစ်ပါတယ်။ ဒီလို ခေါင်းဆောင်မျိုးက လမ်းသစ်ဖောက်နိုင်သူပါ။ အဲလို ခေါင်းဆောင်က ရှေ့ကိုလဲ ကြိုမြင်တတ် ပါတယ်။ လူတွေကို သူတို့အရင်က လုပ်ခဲ့တာတွေကို ကျော် လွန်ပြီး အဘက်ဘက်ကနေ ပို လုပ်နိုင်စွမ်း ရှိလာအောင် လှုံ ဆော်ပေးနိုင်၊ စိတ်ဓာတ်မြှင့်တင်ပေးနိုင်၊ စိတ်ခွန်အား တက်လာ စေနိုင်အောင် ဖန်တီးပေးနိုင်တဲ့ ခေါင်းဆောင်မျိုးပါပဲ။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းတွေမှာ၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ခေါင်းဆောင်မှုကို အလွန်အမင်း လိုအပ်နေရတဲ့ အကြောင်းရင်းကတော့ ဒီကနေ့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေဟာ သူတို့တစ်တွေ ဟိုအရင်တုန်းက လုပ်ခဲ့ဖူးတာထက် ပိုပြီး ထိန်းသိမ်းကိုင်တွယ်ရ ခက်ခဲလာကြသလို တောင်းဆိုမှုတွေလဲ ပိုများလာကြတာကြောင့် ဖြစ်ပါတယ်။ ခွဲခြမ်းစိတ်ဖြာတာတွေ၊ စိစစ် နှိုင်းယှဉ်တာတွေ ပိုလုပ်လာကြတဲ့အပြင် ပိုပြီးတော့လဲ အတ္တကြီးလာကြပါတယ်။ အဲဒီတော့ လူတွေကို အလုပ်တစ်ခု ပေးလိုက်ပြီး မင်း ဒါ ကို လုပ်လိုက်တော့လို့ ပြောလိုက်ရုံနဲ့ မလုံလောက်တော့ပါဘူး။ လူတွေက ပိုပြီး ထဲထဲဝင်ဝင် လုပ်ချင်လာကြပါတယ်။ သူတို့ အလုပ်တွေကို ဆွေးနွေးချင်၊ ဆန္ဒဖော်ထုတ်ချင်လာကြပါတယ်။ သူတို့လုပ်ဆောင်ချက်အပေါ်မှာ တုံ့ပြန်ချက်ကို ပုံမှန် ပြန်လည် ရလာချင်ကြပါတယ်။ {ဒီအလုပ်ကို လုပ်လို့ ငါ့အတွက် ဘာအကျိုး ရှိမလဲ}လို့ သူတို့ သိချင်လာကြပါပြီ။ ဒီကနေ့မှာ လူတွေဟာ အလုပ်တွေ ရှာကြတဲ့အခါ {ကျွန်တော်-ကျွန်မ ဘာကြောင့် အလုပ် လုပ်ပေးဖို့ လိုသလဲ} ဆိုတာကို ပိုလို့ပိုလို့ မေးလာကြပါတော့တယ်။ ဘယ်လို အဖွဲ့အစည်းမျိုးမှာမဆို အလုပ် ဝင်လုပ်ကြတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုကတော့ ခေါင်းဆောင်မှုကြောင့်ပါပဲ။ အထူးသဖြင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် ခေါင်းဆောင်မှုအကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက် နှစ်ခုကို ကျွန်တော် အလွန် နှစ်သက်ပါတယ်။ ပထမတစ်ခုကတော့ ဒီလိုပါ။ခေါင်းဆောင်မှု ဟူသည် သာမန်လူများထံမှ အပြောင်မြောက်ဆုံးသော စွမ်းဆောင်ရည်များ ထွက်ပေါ်လာစေနိုင်သော စွမ်းရည်ပင် ဖြစ်ပါသည်။နောက်တစ်ခုကတော့ ဒီလို ဆိုပါတယ်။ခေါင်းဆောင်မှု ဟူသည် နောက်လိုက်များ ရရှိလာစေရန်ပင် ဖြစ်၏။ ဒီကနေ့မှာတော့ ရားထူးကြောင့်ဖြစ်ဖြစ်၊ ငွေကြောင့်ဖြစ်ဖြစ်၊ အာဏာကြောင့်ဖြစ်ဖြစ် (ခေါင်းဆောင်လို့ သတ်မှတ်ခံလိုက်ရတာနဲ့ ခေါင်းဆောင် ဖြစ်စေတဲ့ အကြောင်းတရားတွေ) ရရှိလာတဲ့ ခေါင်းဆောင်ဘဝဟာ သက်တမ်း တိုလာပါပြီ။ တာရှည် ခိုင်မြဲစေတဲ့ တစ်မျိုးတည်းသော ခေါင်းဆောင်မှုကတော့ လူတွေ ဟာ လမ်းပြနိုင်၊ ထိန်းကျောင်းနိုင်ပြီး ရှေ့ရေးအမြင် ရှိတဲ့ တစ်ယောက်ယောက်နောက်ကပဲ လိုက်ဖို့ ရွေးချယ် ဆုံးဖြတ်လာကြပါပြီ။ ဒါဟာ ကိုယ့်စိတ်ဆန္ဒအလျောက် နောက်လိုက်အဖြစ် ခံယူတဲ့ပုံစံ ဖြစ်သလို ဒါကပဲ ဒီကနေ့ခေတ် အကောင်းဆုံးခေါင်းဆောင်တွေရဲ့စံ ဖြစ်နေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *