စာဖတ်သူများသည် အိမ်ထောင်ရေး၌ အငယ်အနှောင်းပြဿနာ ရှုပ်တတ်ပုံနှင့် စပ်လျဉ်း၍ ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလထုတ် ဤမဂ္ဂဇင်းတွင် ကျွန်တော် ရေးသားခဲ့သည်ကို မှတ်မိကြပါလိမ့်ဦးမည် ထင်ပါသည်။ မြန်မာ့လူနေမှုစနစ်တွင် သာမန်ပြည်သူတို့အကြား၌ တစ်လင် တစ်မယားစနစ်ကိုပင် တလေးတစား ယုံကြည် လက်ခံထားကြပါသည်။ အများစုသော မြန်မာ့အိမ်ထောင်ရှင် အကြင်လင်မယားတို့သည် `ရာသက်ပန်ရွယ်ကိုး ရိုးမြေကျအောင် ပေါင်းပါမည်’ ဟူသော သီချင်းစာသားထဲကအတိုင်းပင် ရာသက်ပန် တစ်လင်တစ်မယား အဖြစ်ပင် ထိန်းသိမ်းနေထိုင်သွားကြပါသည်။
သို့ရာတွင်လည်း တစ်လင် တစ်မယားဝါဒကို ယောက်ျားတိုင်း ကျင့်သုံးနိုင်ကြသည် မဟုတ်၍ အချို့သော အိမ်ထောင်များတွင် ဤအငယ်အနှောင်းပြဿနာသည် ပေါ်ပေါက်လာတတ်ခြင်း ဖြစ်ပါသည်။ ထိုသို့ပေါ်ရာတွင်လည်း အချို့မှာ ပျိုရွယ်စဉ်အခါ အသက်အစိတ် သုံးဆယ်အရွယ်မျိုး၌ `ကာမတဏှာ ဝဋ်မီးစာကို‘ ရှို့အားကောင်းနေဆဲအခါမို့ တစ်ယောက် တစ်မယားနှင့် အားမရ၊ နောက်တစ်ယောက်ရှာကာ ဗွေဖောက်ကြခြင်းဖြစ်ပါသည်။ အချို့ ကျပြန်တော့ `သက်ကျားကြီး ပုတီးမှအားမနာ’ ဟု ပြောရအောင် `နွားအိုမြက်နုကြိုက်’ ကြခြင်းဖြစ်သည်။
`လျှာ၌မစို၊ သွားစွယ်တိုနှင့်၊ ခွေးအိုရိုးကိုက်၊ စိတ်လိုလိုက်၍၊ နှစ်ခြိုက်ထွေးရစ်၊ မြေးမြစ်သားနှောင်း၊ နွားနှယ်ကျောင်း၍၊ အပေါင်းကြွက်ဆူ၊ ခေါင်းလုံးဖြူအောင်၊ မသူတော်ငြမ်း၊ လွန်သော့ သွမ်းသည်၊ အိုလမ်းမကျ၊ မိုက်အန္ဓ’ လုပ်ကြခြင်းဖြစ်ပါသည်။ ငယ်စဉ်မှာပဲ အငယ်အနှောင်းထားထား၊ ကြီးမှပဲ အငယ်အနှောင်းယူယူ၊ အိမ်ထောင်တစ်ခုမှာ အငယ်အနှောင်းပြဿနာဟူ၍ ပေါ်လာလျှင်ကား ဆူဆူပူပူဖြစ်ကြမြဲ ဓမ္မတာပါတည်း။ ထဘီစွန်တောင်ဆွဲပြီး ပါးဆွဲရိုက်ဖို့ အားခဲကြသည်မျိုးကပဲများပါသည်။ အားခဲမည်ဆိုလျှင်လည်း အားခဲလောက်ပါပေသည်။ မြန်မာ့လူနေမှုတွင် အမျိုးသမီးများသည် မိမိ၏ ချစ်သူလင်သားအပေါ် လင့်မျက်နှာ တစ်ရွာထင်၍ ကိုယ်ချစ်ခင်လှသည့် မိခင်ဖခင် ဆွေမျိုးဉာတိများကိုပါ စွန့်ရမည်ဆိုက စွန့်ဝံ့လောက်သော အချစ်မျိုးဖြင့် အားကိုးခြင်းကြီးစွာ ဘဝကို ယုံပုံ၍ အပ်ခဲ့သူများ ဖြစ်ပါသည်။ ကိုယ့်လင်သားက အငယ်အနှောင်းယူပြီ ဆိုလျှင် ရင်မှာ အပူမီးတွေ တောက်ကြပါတော့သည်။ ထိုသို့သောအခြေအနေမျိုးတွင် ဖြစ်တတ်သော မယားကြီး၏ အပူဒီဂရီကို အချို့က ဤသို့ပင် နှိုင်းပြတတ်ကြပါသေးသည်။ လင်ကြောင့်ဖြစ်သော ဝမ်းထဲကအပူသည် အဘယ်မျှကြီးသနည်းဆိုသော် ရင်ဘတ်ပေါ်တွင် ကောက်ညှင်းစပါးစေ့များတင်လိုက်လျှင် အိုးကင်းတွင် ပေါက်ပေါက် လှော်ဘိသကဲ့သို့ ကောက်ညှင်းစေ့များ တဖျပ်ဖျပ် တဖောက်ဖောက်နှင့် ပေါက်ပေါက်ပွင့်များ ဖြစ်လာလောက်သည် ဟူပါ၏။
အငယ်အနှောင်း ပြဿနာဝင်လာလျှင် မယားအကြီး၏ ရင်တွင် ထိုသို့သော်အပူမျိုး ဆိုက်တတ်သည်ဖြစ်လေရာ ဘယ်မှာလျှင် အေးငြိမ်းနိုင်ပေမည်နည်း။
သို့ရာတွင် ထိုသို့သော အငယ်အနှောင်း ပြဿနာကို ဆူဆူပူပူလည်း ဘာမျှမပြုဘဲ ကြီးလှသည့်အပူမီးကို ခါးစည်း၍ခံသည့်နှယ် ထူးထူးဆန်းဆန်း တုံ့ပြန်သွားသော သစ္စာရှင် အိမ်ထောင်ရှင်မတစ်ဦးကို မြန်မာစာပေမှတ်တမ်းများတွင် တွေ့ရလေသည်။
လင်ဖြစ်သူ ဘုရားတကာ ကျောင်းတကာကြီး ဦးရိုးသည် “ဆင်ရိုင်းကြီး မုန်ထသလို ဗလုံဆွ ဗလုံဆွနဲ့ လုံမလေး မဆဝါ အတွက်ကယ်ကြောင့် ငါဆရာ တကယ်ခက်လို့ နေရပါ တော့၏’ ဟူသော ဥပကရဟန်းကြီး အဝိုင်းခံရသည့် တဏှာမီးမျိုး ဖိစီးချက်ကြောင့် အငယ်အနှောင်းကလေး ကောက်ယူလိုက်သည့်အခါ မယားဖြစ်သူ မမယ်ကေမှာ သားသမီး ဆွေမျိုးမိတ်သင်္ဂဟတွေကိုပါ ဘာစကားမှ မပြောတော့ဘဲ တစ်ခါတည်း ဆွံ့အသွားလေ တော့သည်။ ဦးရိုးနှင့်မမယ်ကေတို့သည် သူတို့နေထိုင်ရာ အောင်သာရွာကြီးအတွင်း၌ စီးပွား ဥစ္စာကလည်း တောင့်တင်း၊ အလှူဒါနနှင့်လည်း ကင်းကြသူများမဟုတ်ကြ၍ ထင်ရှား သော မောင်နှံပင်ဖြစ်သည်။ သားကြီး ကိုစိမ့်၊ သားငယ် ကိုချိန့်တို့အပြင် သမီးများလည်းရှိခဲ့ကြသည်။ သူတို့မောင်နှံသည် စေတီပုထိုးနှစ်ဆူ၊ ဂန္ဓကုဋီတိုက်တစ်ခု၊ တံခွန်တိုင်၊ စရပ်ခုဍင်၊ ပလ္လင်အစုစု ကောင်းမှုကုသိုလ်တွေကို ပြုခဲ့ကြသူများလည်း ဖြစ်သည်။
ဤသို့ ကျေးရွာ၌ အထင်တရှား ပုဂ္ဂိုလ်များဖြစ်နေကြသည့် ဂုဏ်အင်ကိုမှ မထောက်နိုင်၊ ဦးရိုးက အငယ်တစ်ယောက် ကောက်ယူလိုက်သည့်အခါ မမယ်ကေမှာ အမုန်းကြီးမုန်း သွားကာ ပြောစရာစကားလုံးရှာမရတော့ဘဲ ဆွံ့အသူကြီးလုံးလုံး ဖြစ်သွားခဲ့ပါသည်။ ဤသို့ အားဖြင့် သားသမီးများနှင့်တကွ တစ်ရွာလုံးက မမယ်ကေ ဆွံ့အသွားပြီဟု ယူမှတ်လိုက် ကြရတော့သည်။ သို့ရာတွင် တစ်နေ့သောအခါတွင် ဦးရိုးသည် ဓမ္မတာ အနိစ္စသဘောဖြင့် ဝေဒနာကပ် ရောက်ကာ `ကိစ္စချော’ လေ၏။ ထိုအခါဖခင်ဖြစ်သူ ဇီဝိန်ချုပ်ပြတ်လေပြီဟူသော သတင်းကို သားဖြစ်သူ ကိုစိမ့်က မိခင် မမယ်ကေထံ သွားရောက်၍ ပြောသည်။
`အမေ အဖေသေပြီဗျ’ ဟု ပြောလိုက်သည်နှင့် မမယ်ကေက `ဟေ သေရှာပလား’ ဟု အမှတ်တမဲ့ယောင်မှား၍ ထွက်သွားပါသတဲ့။ ထိုအခါကျမှပင်လျှင် မမယ်ကေသည် တကယ် ဆွံ့အနေသည်မဟုတ်ကြောင်းကို သိကြရသည်ဟု ဆိုပါသည်။ အငယ်အနှောင်း ပြဿနာကို ထိုသို့ စကားမပြောဘဲ ဆန္ဒပြကန့်ကွက်ခဲ့သည့် မမယ်ကေသည် ငယ်ကချစ် အနှစ်တစ်ရာ’ ဟူသော စကားအတိုင်းဟု ဆိုရပေမည်။
အငယ်အနှောင်းကြောင့် စကားမပြောချင်လောက်အောင် စိတ်နာသွားသည်ဟု ထင်ရသော်လည်း ငယ်ချစ်လင်ကို ပြင်ပြင်ကြီး မစိမ်းကားရက်။
သားကြီးများနှင့် တိုင်ပင်၍ ဦးရိုးနှင့် သူတို့ လင်မယားပြုခဲ့သော ဒါန ကောင်းမှု အစုစုအတွက် အလှူဒါနပြုလျက် ဦးရိုး သာဓုအနုမောဒနာ ခေါ်ယူနိုင်အောင် ရေစက်သွန်းချ အမျှဝေသေးလေသည်။
ဤအဖြစ်ကို ကဗျာဆရာကြီး မောင်းထောင်ဦးကျော်လှက တွေ့ကြုံခဲ့ရလေသဖြင့် မမယ်ကေလုပ်ပုံကို သူမုန်းသည့်လင် ဦးရိုးက အထက်နတ်ပြည်ကနေပြီး `ဩော် ငါ့မိန်းမ ငါ့မိန်းမ’ ဟု တွေး၍ ပြုံးမည့်ဟန်ကို ပေါ်လွင်အောင် ဖော်ကျူး၍ သံချိုတစ်ပုဒ်ဖြင့် ထူးဆန်းသော အငယ်အနှောင်း ဂယက်အကြောင်းကို မှတ်တမ်းတင်ထားခဲ့ပါသတည်း။
ထိုသံချိုကို အောက်တွင် ဖတ်ကြည့်ကြပါလော့။
တေမိအသွင် `အ’ချင်လုပ်ခဲ့
အောင်ရွှေသာ မြေဂါမတွင်မှ
ဒါန အခြေပျိုးတဲ့
ဖေရိုး မယ်ကေတို့
ပုထိုးတွေ စေတီနှစ်ဆူနှင့်
မဟေသီဂူ လွှမ်းကာသတဲ့
ဂန္ဓကုဋီတိုက်မှာ
ပန်းစိုက်၍ အထွတ်တင်။
ဓဇဂ္ဂံ မြွက်ဟန်ပြခဲ့
ထမ္ပ တံခွန်တိုင်ငဲ့ပြင်
ကွန်ဇလိုင် ပြွန်အိုင်ဆင်းတဲ့
ရေတွင်း ရေကန်နှင့်
ဝေဇယန် စေတနံ ပြတ်ပေကြ
ပြာသာဒ် ဆောင်ပါသာနှင့်
ဇရပ်ပါ မလပ်မချာ နားရအောင်
စပ်ကြားမှာ ခုဍင်တွေငဲ့ပြင်
ပလ္လင်တွေ ကွင်းမြေအနှံ့ထိ
ခင်းပြန့် လျက်ပင်။
